အမျိုးသားတွေရော သားကြောဖြတ်လို့ရလား
သားကြောဖြတ်တယ်ဆိုတာကို လူအတော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ အပြီးအပိုင် ပဋိသန္ဓေတားတဲ့နည်းလမ်းတစ်ရပ်ဖြစ်ပြီးတော့ အမျိုးသမီးတွေမှာ ပြုလုပ်ကြလေ့ရှိပါတယ်။
ဒီတော့ သားကြောဖြတ်တယ်ဆိုတာ အမျိုးသမီးတွေမှာပဲ ပြုလုပ်လို့ရတယ်လို့ ထင်မြင်နေကြတာမျိုးလည်း ရှိပါတယ်။ တကယ်တော့ သားကြောဖြတ်ခြင်းကို အမျိုးသားတွေမှာလည်း ဆောင်ရွက်လို့ရနိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အမျိုးသားတွေကို သားကြောဖြတ်ပေးတဲ့ဆေးခန်းတွေ မရှိသေးပေမဲ့ ယောက်ျားလေး သားကြောဖြတ်ခြင်းဟာ အမျိုးသားတွေဘက်က လုပ်ပေးလို့ရတဲ့ သန္ဓေတားနည်းလမ်းဖြစ်ပြီး နိုင်ငံရပ်ခြားက ဆေးခန်း၊ ဆေးရုံတွေမှာ ကုသမှုခံယူနိုင်ပါတယ်။
ဒီကုထုံးကို Vasectomy လို့လည်း ခေါ်ပြီး သိထားသင့်တာတွေကို ပြောပြပေးရမယ်ဆိုရင် -
၁။ ဒီကုထုံးဟာ အသေးစားခွဲစိတ်ကုသမှုတစ်မျိုးဖြစ်ပြီး ခွဲစိတ်မှုပြီးတဲ့နောက်မှာ မဖြစ်မနေ ဆေးရုံတက်စရာမလိုဘဲ ခေတ္တခဏအနားယူပြီးတာနဲ့ နေအိမ်မှာ ပြန်အနားယူလို့ရပါတယ်။
၂။ ခွဲစိတ်ကုသမှုဖြစ်တဲ့အလျောက် ပေးရတဲ့တန်ကြေးပမာဏ မြင့်နိုင်ပေမယ့် နှစ်ရှည်လများ တားဆေးစွဲသောက်နေရတာကြောင့် ကုန်ရတဲ့စရိတ်လောက်တော့ များမှာမဟုတ်ပါဘူး။
၃။ သားကြောဖြတ်ခြင်းဟာ ပြန်ပြောင်းလဲလို့မရတဲ့ ကုထုံးဖြစ်တာကြောင့် ကလေးယူဖို့ လုံးဝစိတ်ကူးမရှိသူတွေအတွက်ပဲ အဆင်ပြေမှာပါ။
၄။ ခွဲစိတ်ကုသမှုဆိုတဲ့အလျောက် နောက်ဆက်တွဲ Side Effect တွေအနေနဲ့ ဝှေးစေ့အတွင်း သွေးထွက်တာ၊ သွေးခဲတာ၊ သုက်ရည်ထဲ သွေးပါတာ၊ ခွဲထားတဲ့နေရာမှာ ပိုးဝင်တာ၊ အနည်းငယ် နာကျင်မှုဝေဒနာ ခံစားရတာ၊ သက်သောင့်သက်သာမဖြစ်တာ၊ ရောင်နေတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
၅။ သားကြောဖြတ်ခြင်းဟာ ကိုယ်ဝန်တစ်မျိုးတည်းကိုပဲ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်းမရှိတာကြောင့် ကျန်းမာရေးရာဇဝင် အတိအကျမသိရတဲ့ သူစိမ်းတွေနဲ့ အတူနေမယ်ဆိုရင်တော့ ကွန်ဒုံးသုံးဖို့ လိုအပ်ပါတယ်။
၆။ သားကြောဖြတ်ပြီးနောက် ကိုယ်ဝန်ကာကွယ်ပေးတဲ့ အာနိသင်ကို ရစေဖို့ အချိန်ကာလ ၂ - ၃ လကြာအောင် စောင့်ပေးရတာ၊ ဒါမှမဟုတ် အကြိမ် ၂၀ ခန့် သုက်လွှတ်ပြီးမှသာ သုက်ရည်ထဲမှာ သုက်ပိုးလုံးဝကင်းစင်သွားပြီး ကိုယ်ဝန်ရနိုင်တော့မှာမဟုတ်ပါဘူး။
သားကြောမဖြတ်ခင် ကိုယ်ပြသနေတဲ့ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရဲမျိုးမြတ်